International News

ဘရာဇီးလ်မှ တရုတ်သို့ အမဲသားတင်ပို့မှုတွင် ၃၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဝက်သားတင်ပို့မှုတွင် ၅၀ ရာခိုင်နှုန်းခန့်လျှော့ကျခဲ့

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ဘရာဇီးနိုင်ငံ၏ အမဲသားတင်ပို့မှုသည် တန်ချိန် ၆၂၀,၀၀၀ တန်ရှိအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ အမဲသားတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဌာန (Ministry of Foreign Trade - Secex) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် စံချိန် တင်မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပြီး အမဲသားတန်ချိန် ၁.၉ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း Canal Rural သတင်းဌာနမှ ညွှန်ကြားရေးမှူး Giovani Ferreira ကပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ကြက်သားတင်ပို့မှုသည် ၂၀၂၁ ခုနှစ်၏ တင်ပို့မှုကို ကျော်လွန်နိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ (၄) လတာကာလအတွင်း ကြက်သားတန်ချိန် ၁.၄ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူတွင် ကြက်သားတန်ချိန် ၁.၃ သန်းကိုသာ တင်ပို့နိုင်ခဲ့သဖြင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း ပိုမိုတိုးတက်လာကြောင်း၊ ဝက်သားတင်ပို့သည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ ပထမ (၄) လတာ ကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ဝက်သားတင်ပို့မှုသည် ယခင်နှစ်ကာလတူ တင်ပို့မှုပမာဏအောက်သို့ ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ကျနိုင်ကြောင်း၊  ၂၀၂၂ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဝက်သားတန်ချိန် ၉၀၀,၀၀၀ ဝန်းကျင်အထိသာ တင်ပို့နှိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ဝက်သားတန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၄) လတာကာလအတွင်း ဝက်သားတန်ချိန် ၂၉၀,၀၀၀ ကိုတင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဝက် သားတန်ချိန် ၉၀၀,၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်း Ferreira က ပြောကြားခဲ့သည်။  

၂၀၂၁ ခုနှစ် ပထမလေးလပတ်ကာလတွင် ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ ဝက်သားတန်ချိန် ၂၁၃,၀၀၀ တန်တင်ပို့ခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့် ဝက်သားပမာဏ၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ကြောင်း၊ လက်ရှိ ၂၀၂၂ ခုနှစ်၊ ပထမလေးလပတ်ကာလတွင် ဝက်သားတန်ချိန် ၁၀၂,၀၀၀ တန်အား တင်ပို့ခဲ့ သဖြင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် လျှော့ကျသွားကြောင်း၊ ထို့သို့ တရုတ်နိုင်ငံ၏ ဝယ်ယူတင်သွင်းမှုလျှော့ကျရခြင်းအား လေ့လာခဲ့ရာတွင် အဓိက အချက် (၃) ချက်ကို တွေ့ရှိရကြောင်း၊ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံရှိ မွေးမြူရေးခြံများ၌ အာဖရိကကြက်တုတ်ကွေးရောဂါပြန့်ပွားခဲ့သဖြင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခဲ့ရပြီးနောက်တွင် ပြည်တွင်းအသားလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝက်မွေးမြူရေးလုပ်ငန်း ပြန် လည်ထူထောင်ရေးများကို အလျင်အမြန်လုပ်ဆောင်ခဲ့ကြကြောင်း၊ ဒုတိယအချက်မှာ တရုတ်အစိုးရ၏ Zero-COVID မူဝါဒကြောင့် တရုတ်နိုင်ငံ၏ အရေးပါသော ပင်လယ်ဆိပ်ကမ်းများကို ပိတ်ထားခဲ့ရာ ကုန်သင်္ဘောများ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်မရသဖြင့် သွင်းကုန်များ တင်သွင်းနိုင်မှုမရှိခဲ့ ကြောင်း၊ နောက်ဆုံးအချက်မှာ အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းသော ဝက်သားများအပေါ်တွင် မြင့်မားသော အခွန်းနှုန်းထားများ ချမှတ်ခဲ့သဖြင့် တင်သွင်းမှုများ ကျဆင်းခဲ့ကြောင်း Giovani Ferreira ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဝယ်ယူတင်သွင်းမှုကျဆင်းနေသော်လည်း ဘရာဇီးလ်ဝက်သားများ တိုးတက်တင်ပို့နိုင်ရေးအတွက် ဈေးကွက်နိုင်ငံများအား ရှာဖွေချိတ် ဆက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဝယ်ယူမှုလျှော့ကျခဲ့သည့် ဝက်သားတန်ချိန် ၁၀၀,၀၀၀ တန်အား အခြားနိုင်ငံများသို့ တိုးချဲ့တင်ပို့နှိုင်ရေး ဈေး ကွက်နိုင်ငံများနှင့် ဆွေးနွေးလျက်ရှိကြောင်း Ferreira က ပြောကြားခဲ့သည်။ 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)
သတင်းရင်းမြစ် - canalrural.com.br

 

Category: International News